L. Trotsky

 

ဒိုင်ယာလက်တစ် ရုပ်ဝါဒ အခြေခံ (ထော့စကီး)

 

("ABC of Materialist Dialectics", 1939)

 


ရင်းမြစ်:  The Communist (ဇန်နဝါရီလ18, 2018)


 

 

ဒိုင်ယာလက်တစ် ဆိုတာ နေ့တဓူဝ ပြဿနာတွေတင် မကဘဲ၊ ပိုမို ရှုပ်ထွေးပွေလီတဲ့ ဖြစ်စဉ်တွကို နားလည် သဘောပေါက်အောင် စဉ်းစားရာမှာ စနစ်တကျ တွေးခေါ်ပုံ တွေးခေါ်နည်းပဲ။ ဒိုင်ယာလက်တစ်နဲ့ သမားရိုးကျ ယုတ္တိဗေဒဟာ အဆင့်မြင့်သချာင်္နဲ့ အဆင့်နိမ့်သချာင်္လို ကွာခြားတယ်။ ဒီနေရာမှာ ပြဿနာရဲ့ အဓိက အချက်ကို အကျဉ်းချုပ်ပီး ရေးပြပါမယ်။

အရစ္စတိုတယ်ရဲ့ ယုတ္တိဗေဒဟာ “ကကြီးသည် ကကြီးနဲ့ ညီမျှသည် (A is equal to A.)” အဆိုနဲ့ စတယ်။ ဒီအဆိုကို တရားကိုယ်သဘောအရ မှန်ကန်ပီးသားလို့ လက်ခံထားတယ်။ ဒီစဉ်းစားနည်းကို လူသားတွေရဲ့ လက်တွေ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ၊ ယေဘုယျ ကောက်ချက်ဆွဲတာတွေမှာ သုံးကြတယ်။ ဒါပေမယ့်၊ တကယ်တော့ “ကကြီး”ဟာ (နောက်) “ကကြီး”နဲ့ မတူညီပါဘူး။ ဒါကို သက်သေပြဖို့ လွယ်ပါတယ်။ ဒီအက္ခရာနှစ်လုံးကို မှန်ဘီလူးအောက် ထားကြည့်လိုက်ရင် အက္ခရာတလုံးနဲ့ နောက်အက္ခရာတလုံး မတူတာကို တွေ့ရလိမ့်မယ်။ ပြဿနာက အက္ခရာတွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မှ မဟုတ်တာ၊ (အက္ခရာတွေရဲ့) ကိုယ်စားပြုမှု (ဥပမာ- သကြားတပေါင်) မှာတော့ အတူတူပါပဲလို့ ငြင်းကောင်း ငြင်းနိုင်တယ်။ ဒီငြင်းချက်ကလဲ အဓိက ဆိုလိုရင်း အချက်ကို မချေဖျက်နိုင်ပါဘူး။ သကြားတပေါင်ဟာ (နောက်) သကြားတပေါင်နဲ့ ဘယ်တော့ မှ မညီမျှပါဘူး။ ပိုပီး အနုစိတ် တိုင်းတာကြည့်ရင် ကွာခြားချက်ကို တွေ့လိမ့်မယ်။ သကြားတပေါင်ဟာ (နောက် ထပ် သကြားတပေါင် မဟုတ်ဘဲ) သူ့ကိုယ်၌မှာကို ညီမျှတယ်လို့ တဖန်ငြင်းလာနိုင်သေးတယ် (စာရေးသူ- မောင်လှဟာ မောင်လှ ဖြစ်တယ်၊ မောင်လှဟာ တခြားသူတွေနဲ့ မတူပေမယ့် မောင်လှကိုယ်၌တော့ တူညီတယ် လို့ ဆိုလိုတာပါပဲ)။ အထက်က ငြင်းချက်တွေ အားလုံးဟာ မမှန်ပါဘူး။ အရာဝတ္ထုအားလုံးဟာ အရွယ်အစား၊ အလေးချိန်၊ အရောင်အဆင်းအရ အဆက်မပြတ် ပြောင်းလဲနေတယ်။ ဒီအရာဝတ္ထုတွေဟာ သူတို့ကိုယ်၌ကို ဘယ်တော့မှ မတူညီနိုင်ပါဘူး (ဥပမာ- သကြားတပေါင်ဟာ နောက်သကြားတပေါင် မဟုတ်ဘဲ၊ သူ့ကိုယ်၌ကို ညီမျှမှု မရှိနိုင်ပါဘူး)။ ဘယ်အချိန် ကာလပဲဖြစ်ဖြစ်၊ သကြားတပေါင်ဟာ သကြားတပေါင်ကိုယ်၌ ညီမျှတယ်လို့ ဆိုဖစ် (Sophist)တွေကတော့ ဆိုပါလိမ့်မယ်။

ဒီအဆိုဟာ လက်တွေ့ အသုံးချမှုမှာ ၀ိဝါဒကွဲစရာရှိတဲ့အပြင် သဘောတရားအရလဲ မခိုင်မာပါဘူး။ “ကာလ” ဆိုတဲ့ စကားလုံးကို ကျုပ်တို့တွေ ဘယ်လို ယူဆမလဲ။ ကာလဆိုတာ (အဆုံးအစမဲ့ အချိန်ရဲ့) အချိန်အပိုင်း အခြားလေး တခုပဲ ဆိုရင်၊ သကြားတပေါင်ဟာ ဒီအချိန်အပိုင်းအခြားအတွင်းမှာ ပြောင်းလဲနေတယ်။ ဒါမှမဟုတ် ကာလဆိုတာ သချာင်္သဘော သက်သက်ပဲလား။ ဒါပေမယ့်၊ အရာရာတိုင်းဟာ အချိန်ကာလအတွင်း ဖြစ်တည် ရှိနေတာ ဖြစ်တယ်။ ဖြစ်တည်ရှိမှု ကိုယ်၌က အဆက်မပြတ် ပြောင်းလဲနေမှု ဖြစ်စဉ်ပဲ။ ဒီတော့ အချိန်ကာလဟာ ဖြစ်တည်ရှိမှုရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ဒါကြောင့် “ကကြီးဟာ ကကြီးနဲ့ ညီမျှတယ်” ဆိုတဲ့ အဆိုဟာ၊ အရာဝတ္ထုတခုဟာ ဖြစ်တည်ရှိမနေဘူး (သို့) မပြောင်းလဲဘူးဆိုရင် သူ့ကိုယ်၌ ညီမျှတယ်လို့ ဆိုလိုရာ ရောက်တယ်။ (စာရေးသူ- ဆိုလိုတာက အရာဝတ္ထုတွေဟာ အချိန်ကာလအတွင်း အဆက်မပြတ် ပြောင်းလဲနေတယ်။ သကြားတပေါင် ဆိုတာလဲ အချိန်ကာလအလိုက် အရောင်၊ အလေးချိန်စသဖြင့် ပြောင်းလဲ နေတယ်။ ဒါကြောင့် ကိုယ့်အိမ်က သကြားတပေါင်ဟာ သူ့ကိုယ်၌ကို ညီမျှမှု မရှိနိုင်ဘူး။ အချိန်အလိုက် ကွာဟမှု ရှိတယ်။ ဒီတော့ “သကြားတပေါင်ဟာ သူ့ကိုယ်၌ ညီမျှတယ်” လို့ ဆိုလာရင်၊ ဒီသကြားဟာ အချိန် ကာလအတွင်း အမှန်တကယ် တည်ရှိနေတဲ့ သကြားတော့ မဖြစ်နိုင်ဘူးလို့ ထော့စကီးက ဆိုလိုတယ်။)

အပေါ်ယံ ကြည့်မယ်ဆိုရင်တော့၊ ဒီအနုစိတ်မှုဟာ အချည်းအနှီးပဲ၊ အသုံးမ၀င်ပါဘူး ထင်စရာ ရှိတယ်။ “ကကြီးသည် ကကြီးနဲ့ ညီမျှသည်” အဆိုဟာ တဖက်မှာ ကျုပ်တို့ အသိပညာတွေရဲ့ စမှတ်ဖြစ်ပီး၊ တခြားတ ဖက်မှာကျ ကျုပ်တို့ အသိပညာမှာ မှားယွင်းချက်တွေရဲ့ စမှတ်လဲ ဖြစ်တယ်။ ဒီအဆိုဟာ တချို့ အကန့်အသတ် အတွင်းမှာတော့ အသုံးတည့်တယ်။ “ကကြီး” (သို့မဟုတ် ကကြီးက ကိုယ်စားပြုထားတဲ့ အရာတခု၊ ဥပမာ- သကြား)မှာ အရေအတွက်သဘော ပြောင်းလဲမှုကို လစ်လျူရှုထားနိုင်သေးသမျှ အချိန်ထိ၊ “ကကြီးဟာ ကကြီးနဲ့ ညီမျှသည်” လို့ ကျုပ်တို့ ယူဆနိုင်တယ်။ ဒါဟာ ရောင်းသူနဲ့ ၀ယ်သူကြား သကြားတပေါင်ကို လက်ခံ စဉ်းစားပုံလိုပါပဲ။ နေရဲ့ အပူချိန်ဟာ တသမတ်တည်းသဘော ရှိတယ်လို့ လက်ခံထားတယ်။ မကြာသေးခင်ကာ လအထိ၊ ဒေါ်လာရဲ့ ၀ယ်နိုင်စွမ်းအားကို ကျုပ်တို့ အလားတူ လက်ခံခဲ့ကြတယ်။ ဒါပေမဲ့၊ အရေအတွက် သဘော ပြောင်းလဲမှုဟာ ကန့်သတ်အမှတ်တခုကို ကျော်လွန် ပြောင်းလဲသွားတဲ့အခါ၊ အရည်အသွေးအရ ပြောင်းလဲမှုအဖြစ် ကူးပြောင်းသွားတယ်။ ရေရဲ့ သက်ရောက်မှု၊ သို့မဟုတ် ရေနံဆီမီးရဲ့ သက်ရောက်မှု ခံရတဲ့ သကြားတပေါင်ဟာ (မူလ) သကြားတပေါင် မဟုတ်တော့ဘူး။ အရေအတွက် သဘောကနေ အရည်အချင်း သဘောဆီ ကူးပြောင်းမှုဟာ ဘယ်အချိန်၊ ဘယ်အမှတ်မှာ ဖြစ်သလဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးနိုင်ဖို့ဆိုတာ လူမှုဗေဒ အပါအ၀င် ပညာရပ်ဝန်းအားလုံးရဲ့ အရေးပါတဲ့ တာဝန်တရပ် ဖြစ်တယ်။

ပုံသဏ္ဍာန် ချွတ်စွပ်တူတဲ့ အရာဝတ္ထုနှစ်ခုကို လုပ်ယူလို့ မရဘူးဆိုတာ အလုပ်သမားတိုင်း သိတယ်။ ကြေးထည် ကနေ ကြေးကွင်းတွေ လုပ်ရာမှာ၊ အနည်းအကျဉ်းလောက်ထိ တိမ်းစောင်းလို့ ရတယ်။ (အရေအတွက်ကနေ အရည်အချင်း ပြောင်းလဲမှု) သတ်မှတ်အမှတ်ကို မကျော်လွန်သေးသရွေ့ တိမ်းစောင်းနိုင်သေးတယ်။ (ဒီအမှတ် အတွင်း) တိမ်းစောင်းနေတာ ဆိုရင်၊ ကြေးကွင်းတွေဟာ တခုနဲ့ တခု ညီမျှတယ်လို့ လက်ခံထားနိုင်သေးတယ်။ သတ်မှတ် အမှတ်ထက် ကျော်လွန်ပီး၊ အရေအတွက်ကနေ အရည်အချင်းသဘော ပြောင်းလဲသွားပီ ဆိုရင်တော့၊ ဒီကြေးကွင်းဟာ ပိုအရည်အသွေး နိမ့်တာ (သို့) လုံးဝ တန်ဖိုး မရှိတော့တာ ဖြစ်သွားနိုင်တယ်။ ကျုပ်တို့ရဲ့ နည်းစနစ်တကျ စဉ်းစားနည်းဟာ အတတ်ပညာ အပါအ၀င် ကျုပ်တို့ အလေ့အကျင့်ရဲ့ တစိတ်ပိုင်းပဲ ။ အတွေးအခေါ် အယူအဆတွေရဲ့ မှန်ကန်မှုမှာလဲ သတ်မှတ်အမှတ် ရှိတယ်။ ဒါဟာ “ကကြီးဟာ ကကြီးနဲ့ ညီမျှသည်” ဆိုတဲ့ သမားရိုးကျ ယုတ္တိဗေဒကနေ ဆင်းသက်လာတာ မဟုတ်ဘူး။ “အရာရာတိုင်းဟာ တရံမလပ် ပြောင်းလဲနေတယ်” ဆိုတဲ့ ဒိုင်ယာလက်တစ် ယုတ္တိဗေဒရဲ့ အဆိုကနေ ဆင်းသက်လာတာ ဖြစ်တယ်။

လူပြိန်းတွေးနည်းက “အရင်းရှင်စနစ်”၊ “ကိုယ်ကျင့်တရား”၊ “လွတ်လပ်မှု”၊ “အလုပ်သမား အစိုးရ” စတာတွေကို ပုံသေမှတ်ယူပီး စဉ်းစားတယ်။ အရင်းရှင်စနစ်ဟာ အရင်းရှင်စနစ်နဲ့ ညီမျှတယ်၊ ကိုယ်ကျင့်တရားဟာ ကိုယ်ကျင့်တရားနဲ့ ညီမျှတယ် စသဖြင့် ယူဆထားတယ်။ ဒိုင်ယာလက်တစ် တွေးခေါ်နည်းမှာ၊ အရာဝတ္ထုတွေ ဖြစ်စဉ်တွေရဲ့ တရံမလပ် ပြောင်းလဲနေမှု ဖြစ်စဉ်ကို သုံးသပ်လေ့လာရင်း၊ ကကြီးဟာ ကကြီးအဖြစ်ကနေ ရပ်တန့်သွားတဲ့ (ကကြီး မဟုတ်တော့တဲ့ အခြေအနေတခု ပြောင်းလဲသွားတဲ့) သတ်မှတ်အမှတ်ကို ပြောင်းလဲရ ခြင်းရဲ့ ရုပ်ဝတ္ထုဆိုင်ရာ အခြေအနေ နောက်ခံထား ဆုံးဖြတ်တယ်။ လူပြိန်းတွေးနည်းရဲ့ အခြေခံ မှားယွင်းချက် က၊ တရံမလပ် ပြောင်းလဲနေတဲ့ အရှိတရားကို (အပြောင်းအလဲ မရှိ) ရပ်တန့်နေတဲ့ ပုံရိပ်တခုလို လက်ခံထား တာပဲ။ ဒိုင်ယာလက်တစ် တွေးနည်းနဲ့ လူပြိန်းတွေးနည်းဟာ၊ သက်ငြိမ်ဓါတ်ပုံတပုံနဲ့ ရုပ်ရှင်ကား တကားလို ခြားနားတယ်။ ရုပ်ရှင်ကားဟာ ဓါတ်ပုံရဲ့ အရေးပါမှုကို အစားထိုးပစ်နိုင်တယ်လို့ မဆိုလိုပေမယ့်၊ ရုပ်ရှင်ဟာ လှုပ်ရှားပြောင်းလဲမှု ဥပဒေသအရ ဓါတ်ပုံ အကွက်ပေါင်း များစွာနဲ့ တစီတတန်းချည်း ဖွဲ့စည်းတည်ဆောက်ထား တယ်။ ဒိုင်ယာလက်တစ်က သမားရိုးကျ ယုတ္တိတည်ဆောက် တွေးခေါ်နည်းကို လက်မခံဘူး မဟုတ်ဘူး။ ဒါပေ မယ့်၊ ဒီလို အဆိုတည်ဆောက် တွေးခေါ်နည်းတွေကို ပေါင်းစပ်ပီး၊ တရံမလပ် ပြောင်းလဲနေတဲ့ အရှိတရားကို အနီးစပ်ဆုံး နားလည်အောင် အားထုတ်ဖို့ သင်ကြားပေးတယ်။ ဟေဂယ်က သူရဲ့ ယုတ္တိစနစ်မှာ၊ အရေအတွက် သဘောမှ အရည်အချင်းသဘောသို့ ပြောင်းလဲမှု ဥပဒေသ၊ ပဋိပက္ခတွင်း ဖွံ့ဖြိုးတိုးတက်ပုံ စတဲ့ ဥပဒေသတွေ တည်ဆောက်ခဲ့တယ်။ ဒါတွေဟာ သဘောတရားရေးဆိုင်ရာ တွေးခေါ်မှုမှာ အရေးပါတယ်။ သမားရိုးကျ ယုတ္တိ က အခြေခံအကြောင်းတရားတွေကို စဉ်းစားရာမှာပဲ အသုံးဝင်တယ်။

ဟေဂယ်က ဒါတွေကို ဒါဝင် မတိုင်ခင်၊ မာ့စ် မတိုင်ခင်ကတိုင် ရေးသားခဲ့တာပါ။ ပြင်သစ်တော်လှန်ရေးရဲ့ အား ကောင်းမောင်းသန် လှုံ့ဆော်မှု ကျေးဇူးကြောင့်၊ ဟေဂယ်က သိပ္ပံရဲ့ အထွေထွေ တိုးတက်ပြောင်းလဲမှုကို ကြို တင်မျှော်မြင်ခဲ့တယ်။ ဒါပေမယ့်၊ ဒါဟာ ကြိုင်တင်မျှော်မြင်မှု သက်သက်ပဲ ဖြစ်တယ်။ ဟေဂယ်က ဥာဏ်ကြီးရှင် တဦး ဖြစ်ပေမယ့် သူဆီမှာ စိတ်ဝါဒ လက္ခဏာတွေ ပါနေတယ်။ ဟေဂယ်က သူရဲ့ အနန္တအရှိတရားကို စိတ်ဝါဒ လောင်းရိပ်ခို တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီစိတ်ဝါဒ ပုံရိပ်တွေရဲ့ ပြောင်းလဲမှုဟာ ရုပ်ဝတ္ထုဆိုင်ရာ ပြောင်း လဲမှုကို ထင်ဟပ်ချက်သာ ဖြစ်တယ်လို့ မာ့စ်က သက်သေပြခဲ့တယ်။ ကျုပ်တို့ရဲ့ ဒိုင်ယာလက်တစ်က ရုပ်ဝါဒ အခြေခံထားတယ်လို့ ဆိုရတာက၊ ဒါဟာ ကောင်းကင်ဘုံနန်းမှာ အခြေတည်ထားတာ မဟုတ်သလို၊ “လွတ်လပ် တဲ့ စိတ်” ဆိုတာမှာလဲ အခြေပြု တည်ဆောက်ထားတာ မဟုတ်လို့ပဲ။ ဒါကို သဘာဝမှာ ဖြစ်ရှိနေတဲ့ ပကတိ အရှိတရားမှာ အခြေပြုထားတာ ဖြစ်တယ်။ သိစိတ် ဆိုတာ မသိစိတ်ကို အခြေခံဖြစ်ပေါ်လာပီး၊ စိတ်ပညာဟာ ဇီဝဗေဒကို အခြေခံ ပေါ်ပေါက်လာတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှု လှေကားအထစ်ထစ်မှာ၊ အရေအတွက်သဘော ကနေ အရည်အချင်းသဘော ပြောင်းလဲမှုကြောင့်ပဲ။ ဒိုင်ယာလက်တစ် အတွေးအခေါ် အပါအ၀င် ကျုပ်တို့ရဲ့ အတွေးအခေါ်တိုင်းဟာ ပြောင်းလဲနေတဲ့ ရုပ်ဝတ္ထုကို တနည်းတဖုံ ဖော်ပြချက်သာ ဖြစ်တယ်။ ဒီတွေးတောနည်း စနစ်အတွင်းမှာ ဘုရားသခင်၊ နတ်ဆိုး၊ အမတေ ၀ိညာဉ်၊ ဥပဒေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ထာဝရ ဥပဒေသ စတာတွေ အတွက် နေရာပေးမထားဘူး။ သဘာဝရဲ့ ဒိုင်ယာလက်တစ်နည်းကျ ပြောင်းလဲမှုကို အခြေတည် ပေါ်ပေါက်လာတဲ့၊ ဒိုင်ယာလက်တစ် တွေးခေါ်နည်းဟာ ရုပ်ဝါဒ လက္ခဏာ အပြည့် ရှိတယ်။

သက်ရှိမျိုးစိတ်တွေ အရေအတွက်သဘောကနေ အရည်အချင်းသဘော ပြောင်းလဲမှုကတဆင့် ဖြစ်ပေါ်လာပုံ ကို ရှင်းပြထားတဲ့ ဒါဝင်ရဲ့ အီဗော်လူးရှင်း သဘောတရားဟာ ဇီဝရုပ်နယ်ပယ်မှာ ဒိုင်ယာလက်တစ်ရဲ့ အမြင့်မား ဆုံး အောင်မြင်မှု တခုပဲ။ နောက်ထပ် အောင်မြင်မှု တခုကတော့ ဓါတုဒြပ်စင်တွေကို ရှာဖွေတွေ့ရှိပီး၊ ဒြပ်စင်တခု ကနေ အခြားဒြပ်စင်တခုဆီ ပြောင်းလဲမှုကို လေ့လာတွေ့ရှိချက်ပဲ ဖြစ်တယ်။ (သက်ရှိမျိုးစိတ်၊ ဒြပ်စင် စတာတွေ ရဲ့) ပြောင်းလဲမှုတွေဟာ သဘာဝသိပ္ပံနဲ့ လူမှုသိပ္ပံ နှစ်ခုလုံးမှာ အရေးပါတဲ့ အမျိုးအစားခွဲခြားမှု ပြဿနာနဲ့ ဆက် နွှယ်နေတယ်။ ဇီဝမျိုးစိတ်တွေဟာ မပြောင်းလဲဘူးလို့ အခြေခံ ယူဆထားတဲ့ (၁၈ ရာစု) လင်နေယပ်ရဲ့ စနစ်က သစ်ပင်တွေရဲ့ အပြင်ပန်း ပုံဏ္ဍာန်အရ အမျိုးအစားခွဲ၊ ဖော်ပြချက်မှာသာ ကန့်သတ်ထားတယ်။ ဇီဝဗေဒပညာ ရပ် သန္ဓေတည်စကာလဟာ ယုတ္တိဗေဒ သန္ဓေတည်စ ကာလလိုပါပဲ။ ကျုပ်တို့ တွေးခေါ်နည်းတွေဟာ ဖြစ်ရှိနေ ဆဲ အရာတွေလိုပဲ ဖွံ့ဖြိုးတိုးတက်လာရတာ မဟုတ်လား။ သက်ရှိမျိုးစိတ်တွေကို ပုံသေ သတ်မှတ်မှု အယူအ ဆကို ပြတ်ပြတ်သားသား ငြင်းဆိုပီး၊ သစ်ပင်တွေနဲ့ သူတို့ရဲ့ ရုပ်ခန္ဓာဟာ အီဗော်လူးရှင်း ဖြစ်စဉ်အရ တိုးတက် ပြောင်းလဲလာတဲ့ သမိုင်းကြောင်းကို လေ့လာမှသာလျှင် စစ်မှန်တဲ့ သိပ္ပံနည်းကျ အမျိုးအစား ခွဲခြားရေးအတွက် အခြေခံတွေ တည်ဆောက်နိုင်မယ်။

ဒါဝင်နဲ့ မတူတာက၊ မာ့စ်က ဒီသဘောကို သိစိတ်ရှိရှိ နားလည်ထားတဲ့ ဒိုင်ယာလက်တစ်သမား ဖြစ်ပီး၊ လူ့အဖွဲ့ အစည်းရဲ့ ကုန်ထုတ်အင်အားစု တိုးတက်ဖြစ်ထွန်းမှု၊ လူ့အဖွဲ့အစည်းကို ခန္ဓာဗေဒလို ဖွဲ့စည်းတည်ဆောက်ထား တဲ့ ကုန်ထုတ်အင်အားစု ပိုင်ဆိုင်ပုံနဲ့ ဆက်ဆံရေးပုံစံတွေကို အခြေပြုပီး၊ လူ့အဖွဲ့အစည်းကို သိပ္ပံနည်းကျ အမျိုး အစား ခွဲခြားနိုင်ရေးအတွက် အုတ်မြစ်ချပေးခဲ့တယ်။ ကနေ့ကာလအထိ တက္ကသိုလ်တွေမှာ သင်ကြားနေဆဲဖြစ် တဲ့၊ လူ့အဖွဲ့အစည်းနဲ့ အစိုးရ အမျိုးအစား ခွဲခြားပုံနေရာမှာ မာ့စ်ဟာ ဒိုင်ယာလက်တစ် ရုပ်ဝါဒအရ အမျိုးအစား ခွဲခြားနည်းကို အစားထိုးပေးခဲ့တယ်။ မာ့စ်ရဲ့ နည်းလမ်းကို အသုံးပြုမှသာလျှင် အလုပ်သမား အစိုးရနဲ့ (ဒီအစိုးရ) ပျောက်ကွယ်သွားရမယ့် ကာလဆိုတဲ့ အယူအဆရေးရာ ပြဿနာတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်မယ်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒထဲမှာ ရုပ်လွန် သဘော ဆန်တာ၊ ကျမ်းရိုးကျောင်းတော်ဝါဒ ဆန်တာတွေ မပါကြောင်း ကျုပ်တို့ တွေ့ခဲ့ပြီ။ ဒိုင်ယာလက်တစ် ယုတ္တိစနစ်ဟာ ခေတ်ပြိုင်သိပ္ပံနည်းကျ အတွေးအခေါ်မှာ ပြောင်းလဲမှုဥပဒေသ (Law of Motion)ကို ဖော်ပြတာ ဖြစ်တယ်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို ဆန့်ကျင်တာ ဟာ ကျန်ခဲ့တဲ့ အတိတ်၊ ဓနရှင်ပေါက်စတွေရဲ့ ခေတ်နောက်ပြန် ဆွဲလိုမှု၊ တက္ကိသိုလ် ယန္တရားတွင်းက အစိတ် အပိုင်းလေးတွေရဲ့ ကိုယ်ဘာသာ ပြန်လှည့်ဖျားမှုနဲ့ သေပီး နောက်ဘ၀ မျှော်လင့်ချက်မီးပွားလေးတွေကို ဖော်ပြ နေတာသာ ဖြစ်တယ်။

၁။ ဆိုဗီယက် ယူနီယံအစိုးရ

ရဲဘော် ဘန်ဟမ်က ဆိုဗီယက် ယူနီယံ အစိုးရကို အဓိပ္ပါယ်ဖွင့်ဆိုတာမှာ၊ အလုပ်သမား အစိုးရလဲ မဟုတ်၊ ဘူဇ၀ှာ အစိုးရလဲ မဟုတ်လို့ ဆိုတယ်။ ဒီဖွင့်ဆိုချက်က သမိုင်းရေးရာ တိုးတက်လာပုံက သွေဖည်နေပီး၊ လူမှု ဗေဒ ပညာရပ်ကနေ ကင်းကွာနေတဲ့၊ လေထဲ တိုက်အိမ်ဆောက် ယူဆချက်သာ ဖြစ်တယ်။ ပဋိပက္ခ သဘော ဆောင်တဲ့ သမိုင်းဖြစ်စဉ်တွေကို မေ့ပီး၊ ပရပ်ဂမတ်တစ်ဝါဒရဲ့ သဘောတရားကို ကိုယ်စားပြု ဖော်ပြချက်သာ ဖြစ်တယ်။ ဘန်ဟမ်ဟာ ဒိုင်ယာလက်တစ် ရုပ်ဝါဒီ ဆိုရင်၊ (၁) ဆိုဗီယက် ယူနီယံ အစိုးရရဲ့ သမိုင်းဇာစ်မြစ်က ဘာလဲ၊ (၂) ဒီအစိုးရ သက်တမ်းကာလအတွင်းမှာ ဘယ်လို ပြောင်းလဲမှုတွေ ကြုံခဲ့ရပြီလဲ၊ (၃) ဒီအပြောင်းအလဲ တွေဟာ အရေအတွက် သဘောကနေ အရည်အချင်း ပြောင်းလဲမှုကို ဖြတ်သန်းခဲ့ပြီလား ဆိုတဲ့၊ မေးခွန်းသုံးခု ကို လေ့လာသုံးသပ်ရလိမ့်မယ်။ ဆိုလိုတာက၊ သွေးစုတ် အမြတ်ထုတ်တဲ့ လူတန်းစားသစ်ရဲ့ လွှမ်းမိုးချုပ်ကိုင် ထားမှုကို ဖန်တီးခဲ့သလား ဆိုတာပဲ။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ အားထုတ်ခြင်းအားဖြင့်၊ ဆိုဗီယက် အစိုးရဟာ ယိုယွင်းနေတဲ့ အလုပ်သမား အစိုးရသာ ဖြစ်ကြောင်း ဘန်ဟမ်အနေနဲ့ ဖြန်တန်ချေ ကောက်ချက်တခု ချနိုင်လိမ့် မယ်။

ဒိုင်ယာလက်တစ်နည်းက မေးခွန်းအားလုံးရဲ့ အဖြေကို လှစ်ဟာပြနိုင်တဲ့ ပဉ္စလက်ဆန်တဲ့ သော့ချက်ကြီးတော့ မဟုတ်ဘူး။ ဒိုင်ယာလက်တစ်နည်းက ခိုင်မာတဲ့ သိပ္ပံနည်းကျ သုံးသပ်ချက်တွေကို အစားထိုးနိုင်တယ်လို့ မဆို လိုပါဘူး။ ဒါပေမယ့်၊ ဒီလို သုံးသပ်ချက်ပြုရာမှာ အတ္တ၀ါဒ (Subjectivism)နဲ့ ကျမ်းရိုးကျောင်းတော်ဝါဒ (Scholasticism) သဲကန္တာရမှာ အချည်းအနှီး ၀ဲလည်မနေအောင် လမ်းကြောင်းမှန်ကို ညွှန်ပြနိုင်ပါတယ်။ ဆိုဗီ ယက် အုပ်ချုပ်ရေးစနစ်နဲ့ ဖက်ဆစ် အုပ်ချုပ်ရေးစနစ် နှစ်ခုလုံးကို ဘရူနိုက “ဗြူရိုကရက် ဘုံစနစ်” ဆိုတဲ့ အုပ်ချုပ်ပုံ အမျိုးအစား တခုတည်းအောက်မှာ သွင်းတယ်။ သူ့ အကြောင်းပြချက်က၊ နှစ်မျိုးလုံးမှာ စီမံကိန်း စီးပွားရေးမူတွေ ရှိကြောင်း၊ တခုမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်ကို လုံးဝ ဖျက်သိမ်းပီး၊ တခုမှာကျ ပုဂ္ဂလိက ပိုင်ဆိုင်မှု စနစ်ကို ကန့်သတ်ထားတယ်။ သမိုင်းဇာစ်မြစ်နဲ့ လူတန်းစားလက္ခဏာ မတူညီတဲ့ အုပ်ချုပ်ရေးစနစ်နှစ် ခုရဲ့ အပေါ်ယံ သွင်ပြင်လက္ခဏာ တူညီမှုကို ကြည့်ပီးတော့၊ အုပ်ချုပ်ရေး စနစ်တွေ ခွဲခြားပုံအခြေခံ လက္ခဏာ ကို တည်ဆောက်ထားတယ်။ (အုပ်ချုပ်ပုံ စနစ်နှစ်ခုရဲ့) လူတန်းစား သဘာဝကို ထည့်မစဉ်းစားဘဲ “ထိန်းချုပ် ထားတဲ့ စီးပွားရေးစနစ်”၊ “ဗဟိုစီမံကိန်း စီးပွားရေးစနစ်”လို့ ဘူဇ၀ှာ ပရော်ဖတ်ဆာတွေ တည်ဆောက်ပြပုံမျိုးပဲ။ ဘရူနိုနဲ့ သူ့ နောက်လိုက်တွေဟာ လူမှုရေးစနစ် အမျိုးအစားခွဲခြားရာမှာ လေနေယပ် အဆင့်မှာပဲ ရှိတယ်။ ဒီစနစ်ကို မှန်ကန်ကြောင်း သက်သေထူဖို့ အကြောင်းပြချက် ပေးနိုင်တာကတော့၊ လေနေယပ်ဟာ ဟေဂယ် ဒါဝင် မာ့စ်တို့ထက် လူဖြစ် စောတယ် ဆိုတဲ့ အချက်ပဲ ရှိမယ်။

ပိုဆိုးဝါး၊ ပိုအန္တရာယ် ရှိတာတခုက ဆိုဗီယက်အစိုးရရဲ့ လူတန်းစား လက္ခဏာဟာ အရေးမပါပါဘူး၊ (ဆိုဗီယက် ရဲ့) မူဝါဒ ဦးတည်ချက်ကို စစ်ရေးက အဆုံးအဖြတ်ပေးနေတာပါလို့ ကလက်စိန်ဝါဒီ (Eclectic)တွေက ဆိုပြန် တယ်။ စစ်ဆိုတာ တသီးတခြား ကင်းလွတ်တည်ရှိနေတဲ့ အရာတခုလို၊ စစ်ရေးအခြေအနေကို အုပ်ချုပ်သူ လူတန်းစားက အဆုံးအဖြတ် ပြုတာ မဟုတ်သလို လက်ခံထားတယ်။ ဆိုလိုချင်တာက၊ ဒီအုပ်ချုပ်သူ လူတန်းစား အမျိုးအစားကပဲ အစိုးရတရပ်ရဲ့ လက္ခဏာကို သတ်မှတ်ပြဌာန်းတာ မဟုတ်လား။ ဖြစ်ရပ်တွေရဲ့ ထိုးနှက်မှုကြောင့် ရဲဘော်တချို့ဟာ မာ့စ်ဝါဒ ကကြီးခခွေးကိုတောင် အလွယ်တကူ မေ့ပစ်တာ အံ့လောက်ပါရဲ့။ ဒိုင်ယာလက်တစ် အတွေးအခေါ်ကို ငြင်းပယ်တဲ့ သဘောတရားရေး ပညာရှင်တွေဟာ ဆိုဗီယက်စနစ်ရဲ့ ပဋိပက္ခ သဘာဝ ရှေ့မှောက်မှာ နောင်တရစရာ ကောင်းလောက်အောင် အညံ့ခံသွားကြတာက အံ့သြစရာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့်၊ တော်လှန်ရေးကတဆင့် ချမှတ်ထားတဲ့ အခြေခံလူမှု အုတ်မြစ်နဲ့၊ တော်လှန်ရေး ရဲ့ ယိုယွင်းမှုကတဆင့် ပေါ်ပေါက်လာတဲ့ လူတန်းစားဇာတ်ရဲ့ သဘာဝကြားမှာ ရှိတဲ့ ပဋိပက္ခဟာ ငြင်းပယ်လို့ မရတဲ့ သမိုင်းဆိုင်ရာ အချက်တခုပဲ။ (ဒီပဋိပက္ခဟာ သမိုင်းဖြစ်ပေါ် တိုးတက်မှုအတွက်) မောင်းနှင်အားတခုလဲ ဖြစ်တယ်။ ဗြူရိုကရေစီစနစ် ဖြိုချရေး တိုက်ပွဲမှာ ကျုပ်တို့ဟာ ဒီပဋိပက္ခမှာ အခြေတည်ထားတယ်။ ဒီကာလအ တွင်းမှာပဲ၊ လက်ဝဲစွန်းသမားတချို့က ဘိုနာပတ် လက်ဆုပ်စာ အုပ်ချုပ်ရေးစနစ်ကို ဖြိုဖို့အတွက် ဆိုဗီယက်ရဲ့ လူမှုစနစ် တည်ဆောက်ထားပုံကိုပါ ရင်းရမယ်လို့ အဓိပ္ပါယ်မဲ့ ကောက်ချက်ဆွဲတယ်။ အောက်တိုဘာ တော်လှန် ရေးကတဆင့် တည်ဆောက်ထားတဲ့ လူမှုစနစ်ကိုသာ ဆိုဗီယက်အုပ်ချုပ်ရေးကနေ နှုတ်ဖယ်လိုက်မယ်ဆိုရင် ဖက်ဆစ် အုပ်ချုပ်ရေး လုံးလုံး ဖြစ်သွားမှာကို သူတို့ သံသယ ရှိမိပုံ မရဘူး။

၂။ အီဗော်လူးရှင်းနဲ့ ဒိုင်ယာလက်တစ်

အီဗော်လူးရှင်းနစ် တယောက်လိုပဲ လူ့အဖွဲ့အစည်းနဲ့ အစိုးရတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုကို စိတ်ဝင်စားရာမှာတော့ ငါလဲ ဒိုင်ယာလက်တစ်သမားတွေအောက် မရောက်ပါဘူးလို့ ရဲဘော် ဘန်ဟမ်က ငြင်းချက်တင်လာနိုင်တယ်။ ဒီအချက်ကို ကျုပ်တို့ မငြင်းပယ်ပါဘူး။ ဒါဝင် ပေါ်လာပီး ကတည်းကတိုင်၊ ပညာတတ်တိုင်းဟာ ကိုယ့်ကိုယ်ကို အီဗော်လူးရှင်းနစ်လို့ သမုတ်ကြတာပါပဲ။ ဒါပေမယ့် အီဗော်လူးရှင်းနစ် စစ်စစ်ဟာ အီဗော်လူးရှင်း အတွေးအခေါ် ကို သူ့စဉ်းစားတွေးခေါ်ပုံမှာ အသုံးချရမယ်။ အီဗော်လူးရှင်း အတွေးအခေါ် မပေါ်သေးခင်ကာလက အခြေခံ ယုတ္တိစနစ်ဟာ အီဗော်လူးရှင်း ဖြစ်စဉ်ကို သုံးသပ်ဖို့ရာအတွက် မလုံလောက်ဘူး။ ဟေဂယ်ရဲက ယုတ္တိစနစ်ဟာ အီဗော်လူးရှင်း ယုတ္တိစနစ် ဖြစ်တယ်။ အီဗော်လူးရှင်း ဆိုတာ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်မှုလို့ တက္ကသိုလ်နဲ့ လစ်ဘရယ် စာရေးသူတွေက အီဗော်လူးရှင်း အယူအဆကို အလွဲသုံးစား လုပ်ပီး၊ လုံးဝ သုံးမရအောင် လုပ်ကြ တယ်။ အီဗော်လူးရှင်း ဖြစ်စဉ်ကို ပဋိပက္ခအင်အားစုတွေရဲ့ တိုက်ပွဲကတဆင့် ဖြစ်တာကို နားလည်သူတိုင်း၊ တစ တစ ပြောင်းလဲမှုတွေဟာ သတ်မှတ်အမှတ်ခုမှာ အခွံဟောင်းကို ဖောက်ခွဲထွက်ပီး၊ တော်လှန်ရေးကို ပေါ်ပေါက် စေတာကို သဘောပေါက်သူတိုင်း၊ အီဗော်လူးရှင်း ဥပဒေသတွေကို တွေးခေါ်မှုမှာ အသုံးချဖို့ အားထုတ်သူတိုင်း ဟာ လူပြိန်း အီဗော်လူးရှင်းနစ်တွေနဲ့ မတူတဲ့၊ ဒိုင်ယာလက်တစ် သမား ဖြစ်တယ်။ စန္ဒရားပညာရှင်ဟာ အတီး လေ့ကျင့်ရသလို၊ တော်လှန်ရေးသမားဟာလဲ ဒိုင်ယာလက်တစ် တွေးခေါ်နည်းကို လေ့ကျင့်ဖို့ လိုအပ်ပီး၊ ပြဿ နာတိုင်းကို (ရွေ့လျားပြောင်းလဲနေတဲ့) ဖြစ်စဉ်တွေလို ချဉ်းကပ်ရမယ်။ အပြောင်းအလဲ မရှိ၊ သက်ငြိမ်အမျိုးအ စား ခွဲခြားထားမှုအဖြစ် မချဉ်းကပ်ရဘူး။ အီဗော်လူးရှင်းကို တချို့နယ်ပယ်တွေမှာသာ ကန့်သတ်လက်ခံထားတဲ့ လူပြိန်း အီဗော်လူးရှင်းနစ်တွေဟာ တခြားပြဿနာတွေမှာကျ ပင်ကိုယ်ဥာဏ် ဆိုတဲ့ ဆီသည်မ လက်သုတ် ဖတ်လို ဖန်တရာတေ ငြီးငွေ့ဖွယ် စဉ်းစားနည်းနဲ့ ရောင့်ရဲနေကြတယ်။